နှင်း ရဲ့ကမ္ဘာပျက်ပုံပြင်
မြို့ဟောင်း တစ်ခုကို
နှင်းအမည်ရ အမျိုးသမီးငယ်လေး
ဖြတ်လျောက်လာတယ်
ပုံပြင်ပြောသူဟာ
မိန်းမငယ်လေး ကို ကျိုးကြောင်းရှင်းပြတယ်
ပုံပြင်ဟာ
အစ အလယ် အဆုံး သုံးပိုင်းရှိတဲ့အကြောင်း
အဆုံးမှာ ရောက်လာခဲ့တဲ့ အတွက်
အိမ်ပြန်ပြီး နွေးနွေးထွေးထွေး နေစေလိုကြောင်း သတိပေးတယ်
အမျိုးသမီးလေးက ပြန်ပြောတယ်
ကျွန်မဟာ အဆုံးကိုသာ
နှစ်သက်တဲ့အတွက် အဆုံးမှရောက်လာရ
ခြင်း ဖြစ်တယ်တဲ့
အမျိုးသမီး ငယ်လေးဟာ မြို့ထဲဆက်လျောက်တယ်
ပုံပြင်ပြောသူ အဖိုးအိုဟာ
မြို့အဝင်တံခါးကို မဖွင့်ဖို့ သတိပေးပြန်တယ်
မင်းဟာ မင်းချစ်တဲ့သူကို
ပုံပြင်အစမှာထဲက ဆုံးရှုံးနှင့်ခဲ့ပါပြီ ကလေး
ပုံပြင်အလယ်မှာ
သူဟာ ရင်ကွဲနာကျ ပြီး အရာရာကို
ကြောက်ရွံ့သွားတော့ တယ်
ပုံပြင်အဆုံးကိုတော့ ငါမသိဘူး
ဆိုးဆိုးရွားရွား ဖြစ်လာဖို့ ခန့်မှန်းတယ်တဲ့
မင်းဟာ မင်းကိုယ်တိုင်လည်းကောင်း
မင်းချစ်တဲ့ သူကို လည်းကောင်း
မေဘယ်ရွက်တွေ နဲ့ အတူ
ဆုံးရှူံးရနိုင်တယ်တဲ့
အချစ်ကိုကြောက်တဲ့ လူတစ်ယောက်ကို
မင်းဟာ တွေရီငေးရင်း သနားရင်း
ဒီလိုပဲ တမြေ့မြေ့လှိုက်စား
အရည်ပျော် သွားတော့မယ်
နှင်းဟာ လက်မခံ
နှင်းဟာ ရှေ့ဆက်
ပုံပြင်မြို့ရိုး တံခါးကို အားတင်းပြီး ဖွင့်တယ်
ကားလိပ်တွေ ကျလာတယ်
နာမည်က Apocalypse
ကမ္ဘာပျက်ပုံပြင် (၁)
ဒီဇင်ဘာ ၂၄ မှာ
ခရစ်စမတ် သစ်ပင်ဟာ
အိပ်နေရာ ကနိုးလာတယ်
တဝါးဝါး ရယ်ရင်း
အရွက်တွေစိမ်းရာက နက်လာပြီး
တစ်ဖန်အိပ်ပျော် သွားတာပဲ
နှင်းဟာ ဒီဇင်ဘာအသေကို ငေးကြည့်နေခဲ့တယ်
...................................................................
ကမ္ဘာပျက်ပုံပြင် (၂)
အလုံပိတ်နံရံကို မျက်နှာမူပြီး
လူတစ်ယောက်က "ဟေး "လို့ အော်နေတယ်
"ဟေး "ဆိုတဲ့ အသံကို သူပြန်ကြားရတယ်
သူ ဟာ တုန်လှုပ်သွားပြီး
"Shame on you "လို့ ထပ်အော်လိုက်တယ်
"Shame on you"က သူ့ဆီ ပြန်လာတယ်
ရှိန်းမွန်ယူ ဆိုတဲ့လူဟာ
"shame on you "လို့ပြောပြီးနောက်
နှင်းကို အမျိုးသမီးတစ်ယောက်ထံ သွားစေခဲ့
တယ်
ကမ္ဘာပျက်ပုံပြင် (၃) ဆီသို့
...................................................................
ကမ္ဘာပျက်ပုံပြင် (၃)
အဲ့ဒီ အမျိုးသမီး က
နှင်းကို ကြောက်တယ် လို့ပြောတယ်
တကယ်တော့ နှင်းလည်း
အခန်းထောင့်မှာ ဒူးတုန်ပြီး ထိုင်နေခဲ့တာ
နှင်းတို့နှစ်ယောက်
အပြန်အလှန် ကြောက်လန့်ရွှံရှာ ကြလို့
နာရီနှစ်ချက် ထိုးတဲ့အခါ
နှင်းတို့ရဲ့ မြေခပြီးသား
ဓားဒဏ်ရာက သွေးတွေ
နှင်းတို့ ကိုယ်ထဲ ပြန်ဝင်သွားကြတယ်
ဟန်ဆောင်ခြင်း အတိ
ဖုန်းလွှမ်းနေတဲ့ ကမ္ဘာမှာ
နှင်းဟာ အပြုံး အသေတွေနဲ့
ဟန်လုပ် ရယ် တတ်ခဲ့ပြီ
မနက်ခင်း ကော်ဖီတွေက ခါးသက်သက်
....................................................................
ကမ္ဘာပျက်ပုံပြင်(၄)
နှင်း မသိခင်အချိန်ပိုင်း အတွင်းမှာ
ခရမ်းရောင် နှင်းတွေ ဟာ
အနောက်တောင် လေနောက်ကို
ကခုန်လိုက်သွားကြပြီး
အရာရာဟာ ခရမ်းရောင် လွှမ်းသွားခဲ့တယ်
....................................................................
ကမ္ဘာပျက်ပုံပြင် (၅)
နှင်း ရပ်နေတဲ့
ကျောက်သား မျက်နှာပြင်ပေါ်က
ကျောက်ရေဖြူ တစ်စက်
မြစ်ပေါ် ကျ တယ်
မြစ်ပြင်တစ်ခု လုံး အနက်ရောင် ပြောင်းလာတယ်
နှင်းဟာ အနက်ရောင်မြစ်ကို
ငေးမောကြည့် နေခဲ့ရပါတယ်
....................................................................
ကမ္ဘာပျက်ပုံပြင် (၆)
တိုက်တာအဆောက်အခုံ တစ်ခုမှာ
မက်မွန်သီး နှစ်လုံး မွေးလာတဲ့ အကြောင်း
နှင်းမြင်လိုက်တယ်
...................................................................
ကမ္ဘာပျက်ပုံပြင်(၇)
ခရမ်းရောင် နှင်းတွေကြောင့်
သစ်တော် သီးပင်က
ဒူးရင်းသီးတွေ ဝေဝေဆာဆာ သီးလာတဲ့အကြောင်း
မိုးပြာရောင် အန်တီကြီးကို
နှင်းပြောတုံးက
သူမယုံခဲ့
ဒူးရင်းသီး ထဲက လူခေါင်းမွှာတွေ
မွေးလာတဲ့အခါ
နှင်း သူ့ကို မပြောတော့ဘူး
လူ့ခေါင်းမွှာတွေက
သူ့သားတွေကို
ညတိုင်း ဂုတ်သွေးစုတ်တဲ့ အကြောင်း
သူ ယုံမှာလည်း မဟုတ်ဘူး
အေး ..နှင်း လည်း မပြောဘူး
နှင်းဟာ နှုတ်ဆိတ်စွာ ကမ္ဘာမှာ နေသားတကျ
...................................................................
ကမ္ဘာပျက်ပုံပြင် (၈)
ပန်းသီးကိုက်ဖို့ ဟန်ပြင်နေရင်း
မနှင်းဖြူ ဟာ
ခရမ်းရောင် နှင်းတွေကြောင့်
အိပ်ပျော်သွားတယ်
မနှင်းဖြူ ရဲ့ ပန်းသီးဟာ
လေပေါ်မှာ တင်
နှစ်ခြမ်းကွဲသွားတယ်
ကွဲထွက်သွားတဲ့
ပန်းသီးအခြမ်းတွေက
အခက်လက်ပေါင်း ရာနဲ့ချီထွက်တယ်
အခက်အလက်တွေဟာ
ဆူနာမီ ရေလှိုင်းတွေ နောက်
ထပ်ချက်မကွာ လိုက်သွားတယ်
နှင်းဟာ ပျက်စီးသွားတဲ့ Fairytale တွေကို
နှမြောတတ်သဖြစ်စွာ ငေးကြည့်နေခဲ့တယ်
...................................................................
ကမ္ဘာပျက်ပုံပြင် (၉)
မနှင်းဖြူ လက်ထဲက
ပန်းသီးရဲ့ တစ်ချို့အခက်အလက်တွေဟာ
အချင်းချင်း ပြန်ပေါင်းစည်းလို့
အနက်ရောင် ပန်းတစ်ပွင့်ပွင့်လာတယ်
နှင်းဟာ အနက်ရောင်ပန်းပွင့် ကို
ဦးခေါင်းပေါ် တင်ထားလိုက်တယ်
ကမ္ဘာပျက်မြို့တော် မှာ
ဆက်လျှောက်လာတယ်
...................................................................
ကမ္ဘာပျက်ပုံပြင် (၁၀)
ပန်းသီးပင် နဲ့ဒူး ရင်းပင်
အကိုင်းအခတ်တွေ ပေါင်းစပ်သွားကြတယ်
သစ်ကိုင်းတွေဆီက
ရွှေရောင်ဥကြီး တစ်လုံးသီးတယ်
ဥက တောင်အောက်ကို တရွှေ့ရွှေ့ လိမ့်သွားတယ်
ဥထဲကို လူတွေ နစ်ဝင်ပျောက်ကွယ် သေဆုံးသွားကြတာ နှင်းမြင်လိုက်တယ်
ဥဟာ နှင်း ရှိရာကို ပြေးဝင်လာနေတယ်
...................................................................
ကမ္ဘာပျက်ပုံပြင် (၁၁)
ငိုကြွေးနေတဲ့
အမျိုးသမီး သဏ္ဍာန်
မီးတောင်အဟောင်း တစ်လုံး ကို
နတ်ဆရာတွေက
နိမိတ်ပုံသဖွယ် ယုံကြည်နေပြီး
ပူဇော်ပသ ပွဲတွေပြု လုပ်နေကြတယ်
နှင်းတော့ စောက်သဘာဝလို့ပဲ မြင်တယ်
....................................................................
ကမ္ဘာပျက်ပုံပြင် (၁၂)
အဲ့ဒီ့နေ့ကို
နှင်းမေ့ထားလိုက်တယ်
ဘာမှမဖြစ်ဘူး
ဘာမှမဖြစ်ဘူး
နှင်း မေ့ပစ်လိုက်လည်း
ဘာမှ မဖြစ်ဘူး
အဲ့ဒီနေ့က
မှတ်မှတ်ရရ
ကိုယ်ဝန်ဆောင် အမျိုးသမီးဆီက
အုတ်ဂူအသေ တွေ မွေးခဲ့တာ
....................................................................
ကမ္ဘာပျက်ပုံပြင်(၁၃)
အထီးကျန်ဂြိုလ်တစ်လုံးပေါ်ရပ်လို့
မင်းသားလေးဟာ
စိတ်ဝိညာဉ်ကို
စဥ့်တီတုံးပေါ်တင်ပြီးပါးပါးလှီးနေတယ်
Moleculeတစ်ခုချင်းစီကွာကျလို့
Don't you cry no more
နှင်း ပြောလိုက်တယ်
သူမကြားဘူး
ဝင်သက်ထွက်သက်ကို
ဖြေးညင်းစွာရှိုက်လို့
အသက်ရှုသံကိုမျှင်းပြီးသူနားထောင်နေရတယ်။
သေလုမျောပါးဖြစ်နေတုန်း
သူသတိရသွားတယ်
သူ့တာဝန်တစ်ရပ်ကိုပေါ့
နှင်းဆီပွင့်လေးကို သူရေလောင်းရအုံးမယ်လေ
နှင်းဟာ မင်းသားလေးကို
အဓိပ္ပါယ် မဲ့စွာ ငေးကြည့်နေခဲ့တယ်
....................................................................
ကမ္ဘာပျက်ပုံပြင် (၁၄)
နှင်း မထင်ထားခဲ့ တဲ့
လင်းနို့ အသေတွေ အုံလိုက်ကျင်းလိုက်
ပန်းပွင့်အထင်နဲ့
ညီမလေး ပန်ဖို့ပြင်ကာမှ
အုတ်ဂူထဲက
ပျံထွက်လာကြတယိ
ကောင်းကင်တစ်ခုလုံး လည်း မဲပြာလို့
....................................................................
ကမ္ဘာပျက်ပုံပြင် (၁၄)
နှင်း ရှိတဲ့အရပ် မှာ
လေနီကြမ်းတိုက်တယ်
အုတ်ဂူထဲက အလောင်းကောင်တွေ
လေပေါ် ဝဲနေတယ်
....................................................................
ကမ္ဘာပျက်ပုံပြင် (၁၅)
လူတွေဟာ အအေးဒဏ်ကြောင့်
ကခုန်နေရတယ်
လူတစ်ယောက်ဟာ ကနေတာကို
ရပ်လိုက်တယ်ဆိုရင် ပဲ
သူ ချက်ချင်း အေးခဲသွားတယ်
မြောက်မြားလှစွာသော သူတွေ
နှင်းတောထဲမှာ ကခုန်နေကြရ
နှင်း လည်း အထီးကျန် အားငယ်စွာ
ကခုန်နေခဲ့ရ
....................................................................
နောက်ဆုံးပုံပြင် ရောက်လာတယ်
နှင်း နဲ့ သူချစ်တဲ့ကောင်လေးဟာ
ရထားတွဲတစ်ခုမှာ
အတူရှိနေကြပြီး
ကမ္ဘာပျက် ပုံပြင်တွေရဲ့
နောက်ဆုံးအကြွင်းကျန် မှတ်ဥာဏ်လည်း ဖြစ်ပါတယ်
နှင်းဟာ သူ့ကိုငေးကြည့်နေရင်း
ရထားတွဲဟာ အလယ်ကထက်ပိုင်းပြတ်
သွားတယ်
နှင်းရှိတဲ့ရထားပိုင်းဟာ
ခရမ်းရောင် ဖုံးလွှမ်းသွားပြီး
ကောင်လေးဟာ တဖြေးဖြေး ဖြူ လွှလာတယ်
.................................................................
နှင်းဟာ ကံတရားကိုယုံကြည်နေဆဲ
စာရွက်ပေါ် လက်ထောက်ရုံနဲ့
ပျော်ရွှင်ဖွယ် ကံကြမ္မာတွေကို ကြံဖန်ယုံကြည်နေ ဆဲ
နှင်းဟာ ကံကြမ္မာအသေတွေကြား
လူးလာကူးခတ်လို့
Jesus ကို ယုံကြည်နေချင်ခဲ့တယ်
ဒါပေမယ့်
အသက်အရွယ် နဲ့ အတူ
ကြီးထွားမလာတော့တဲ့ ခံနိုင်ရည်တွေကြား
နှင်းဟာ ငို၍လည်းမလွယ်
ရယ်၍လည်းမလွယ်သော
ကံကြမ္မာ အသေများစွာ ပိုက်ထားခဲ့ တာမို့
နှင်းဟာ miracle အသေတွေကြား အိပ်မောကျ
နှင်းသေသွားခဲ့ တုံးက
ဘယ်မိုးကုတ်စက်ဝိုင်းမှ နှင်းအတွက် မငိုပေးကြပါ
ဒိုဒို
24.12.2017
Comments
Post a Comment