ဘိုင်ပိုလာ

အပြုံးအသေတွေ မွေးတဲ့ နေ့ပဲ
ကျနော်တို့ ဘာမှ မပြင်ဆင် ထားလဲ
အသေတွေက ထွက်ကျလာတက် စမြဲ
ဟော လူတစ်ယောက် လာနေပြီ
အသေတွေ ပေး လိုက်အုံးမှ

အိပ်မပျော်တဲ့ ညတွေမှာ
ကျနော် မှန်ကြည့်တယ်
မှန်ထဲက တစ်ယောက်က
အပြစ်ကင်းစင် လိုက်တာ
ကျနော့်မှာ သာ
ကျနော့် မှာ

အံကို တင်းတင်းခဲ ထားမိတယ်
ဟော နင်အခု မဲ့သွားပြီ မဟုတ်လား
မှန်ထဲက သူနဲ့ ကျနော်တို့ ဟာ
မှတ်ဥာဏ်ရဲ့ တစ်ချို့နေရာ တွေမှာဆုံကြတယ်

အရက်နာမကျ ဘူးတော့
အဲ့ဒီ ခံစားချက်ကို မသိ
သူက တော့ ဘဝနာကျတယ် လို့ခေါ်မယ်

အလိုလို နေရင်းမှန်ထဲက တစ်ယောက်ကို
ကုတ်ဖြဲ ပစ်ချင်တဲ့ စိတ်

မှတ်ဥာဏ်တွေထဲမှာ တိုက်ခိုက်ရင်း
သူက တဖြေးဖြေး အားသာလာတယ်

ဟော မှန်ထဲက တစ်ယောက်ပြုံး နေတယ်
အနိုင်ရ သွားတဲ့ တစ်ယောက်ရဲ့
အကောင်းမြင် စိတ်တွေဟာ
ကျနော့် မှတ်ဥာဏ်မှာ လင်းလက်နေတယ်

အဲ့ဒီ တစ်ယောက်ကို
ဆုတ်ဖြဲ ပစ်မှပဲ ဖြစ်တော့မယ်

ကျနော် Bloody mary ကို ခေါ်လိုက်တယ်
Mary ရေ ငါ့ကို ဆုတ်ဖြဲ ပစ်စမ်းပါ
မေးခွန်းသုံးခု ဖြေပြီးတာနဲ့
ငါ့မျက်လုံး ကို ဖောက်ထုတ်သွား စမ်းပါ

ညအမှောင်တွေ ကို ယူသွားပါ
လင်းလက်နေတဲ့ အမှုန်တွေပါ
တစ်ခါတည်း သယ်သွားကြ

ကျနော်ဟာ ဘယ်သူလဲ Mary
ကျနော်ဟာ ဘာအတွက်ကြောင့်နဲ့
လူ့ဘဝကို လာခဲ့သလဲ
ကျနော်ရေးတာဟာ ကဗျာတွေလား
ပုံပြင်တွေ လား Mary
ဒါမှမဟုတ်​ နှစ်ခုစလုံး မဟုတ်ဘူးလား

နေရာလွတ်တွေ
အဲ့ဒီ နေရာလွတ်တွေကို ကြိုက်သလားMary

တမလွန်​ မှာ နေရာလွတ်တွေ ရှိမှာလား
ရယ်နေရင်း တိတ်ဆိတ်သွားတာတွေ ရှိသလား

ကျနော်ဟာ တစ်သက်တာမှာ တွေးကြည့်ခဲ့တယ်
ကျောင်းသားဘဝမှာ နေရာလွတ်တွေ
ထိုင်ခုံတွေဟာ နေရာလွတ်
အိမ်ပြန်လမ်းဟာ နေရာလွတ်
မိသားစု မှာလည်း နေရာလွတ်
ချစ်ခြင်းမေတ္တာ ဟာ နေရာလွတ်

ကျနော် ကိုယ်တိုင်တောင်
နေရာလွတ်တွေ တစ်ထွေးကြီးနဲ့

ကြောက်စရာက အဲ့ဒီကစတယ်
ပိန်လိုက်ဖောင်းလိုက် အရုပ်ဗိုက်ထဲကစတယ်

ကျနော်ဟာ ပြည့်ဝသွားလိုက်
တစ်ဖန်ပိန်ချောင့် သွားလိုက်
ပြည့်ဝသွားတဲ့ အချိန်တွေမှာ
တစ်ဖန်ပိန်ချောင့် သွားမယ့် အချိန်တွေကို
တွေးပြီး ချောက်ခြားရ

ဘဝဟာ ချောက်ခြားစရာ ပဲ Mary
တစ်​ခါတစ်​ရံ ကျနော်ရဲ့ အမှောင်ထုကို
ခွဲထုတ်ကြည့်ခဲ့တယ်

ဒီပရက်ရှင် တွေ တစ်ထွေးကြီးပဲ Mary
ထွက်ကျလာ လိုက်တာ

ကျနော်ဟာ ကလေးငယ် တစ်ယောက်လို
အိမ်ပြန်ဖို့ တမ်းတနေတယ်
ကျနော့်ပျော်ဝင်လိုက်ဖို့
နေရာတွေဟာ အတိအကျ ရှိမနေခဲ့ဘူး Mary

ဘိုင်ပိုလာဟာ မုန်းစရာပဲ Mary
အားလုံးသူ့ကို မချစ်ဖို့ ကျနော်မျှော်လင့်တယ်

ဒိုဒို

Comments

Popular posts from this blog

၂၁ရာစု စင်ဒရဲလား