ဘေးအိမ်ကဘွား

ဘဝဟာ ရေပွက်ပမာ
ဘဝဟာ ပုံသေကားချပ်
ဘဝဟာ အဓိပ္ပါယ်ပျောက်ဆုံးသွားတဲ့
ဆေးရေးပန်းချီ လို့
ထင်နေသူတစ်ယောက်ဟာ

စဉ်းစားဆင်ခြင်ခြင်းတွေနဲ့အတူ
တွေးတောခြင်းပါပျောက်ဆုံးသွားတယ်။
ဒီအခါသူ့ခေါင်းထဲမှာ ငယ်စဉ်ကအတွေးတွေဝင်ရောက်လာခဲ့။
အများအထင်ကတော့"သူငယ်ပြန်ခြင်း"

ကိုယ်ကတော့
"ဖြူ စင်တဲ့ကလေးဘဝ
 အသစ်ပြန်လည်မွေးဖွားခဲ့ခြင်း"
ရည်ညွှန်းချင်ပါတယ်။

အဘွားဟာကလေးတစ်ဖန်ဖြစ်လာခဲ့။
ဘွားရဲ့အသစ်တစ်ဖန်မွေးဖွားခြင်းဟာ
ဖြူ စင်ခြင်းနဲ့အတူစတင်တယ်။

ရွယ်တူတွေဟာ အချင်းချင်း အနိုင်ကျင့်ချင်ကြတယ်။
သူငယ်ချင်းအရင်းတောင် အမြဲအနိုင်လိုချင်တယ်။
ဝမ်းနည်းမှုကကျ တဲ့ မျက်ရည်တွေတောင်
အရသာခံပြီးပြုံး ကြည့်တက်ကြတယ်။

ဘွားဟာ အနိုင်မကျင့်ဘူး။
ဘွားဟာနှစ်လိုဖွယ်ကောင်းတယ်။

ဘွားဟာ ကလေးတိုင်းကို
ကွက်ကီးကျွေးတယ်။

အိမ်ရှေ့ခုံတန်းလေးမှာထိုင်ပြီး
ဘွားဟာနေရောင်ကြောင့်
အရောင်မှိန်သွားတဲ့သက်တန့်ကို ဆေးပြန်သုတ်ပေးချင်တဲ့
အကြောင်းပဲစဉ်းစားတယ်။

မိုးကုတ်​စက်​၀ိုင်း​နဲ့မြေပြင်ဟာ
ဘာကြောင့် မပေါင်းစုံလဲကိုပဲ စဉ်းစားတယ်။

ဘွားဟာလူကြီးတွေလိုမဆူတက်ဘူး။
ကလေးတွေလိုလည်း အနိုင်မကျင့်တက်ဘူး။
ဘွားဟာ သူ့ဆီလာရင်ဘီစကွက်ကျွေးတယ်။
သကြားလုံးကျွေးတယ်။

တုန့်ပြန်မေတ္တာအဖြစ်
ပန်းသီးတွေနဲ့သကြားလုံးတွေ
အိမ်ကယူလာဖြစ်ခဲ့သေးတယ်။
မှတ်မှတ်ရရ အဲ့ဒီနေ့က အိမ်မှာပန်းသီးတွေပျောက်ခဲ့တယ်လေ။
တရားခံ ကတော့ကိုယ်ပဲပေါ့။

ဘွားဟာ ကာတွန်းစာအုပ်တွေ ဖတ်ပြရင်
ကျိုးနေတဲ့ ရှေ့သွားနှစ်ချောင်း ပေါ်အောင်လည်း
ရယ်တက်သေးတယ်။
နေမကောင်းရင်လည်းဘွားဆီသွားတာပဲ။
ဘွားဟာ အေးစက်တဲ့ လက်ကိုလည်း
နွေးထွေးအောင်
ဖမ်းဆုပ်ထားပေးတတ်တယ်။

ဘွားဟာ သီချင်းဆို သိပ်တတ်တယ်။
ဘွားဟာ ပုံပြင်တွေ ပြောပြ တတ်တယ်။

ဘွားဟာချစ်ခြင်းတရား
အကြောင်းပဲသိတယ်။
အမုန်းတရားကိုသူမသိဘူး။

ဘွားဟာ အမှန်တရားဖြူ ကို ပဲသိတယ်။
ခရမ်းရောင်မုသားတွေကို သူမသိဘူး။

ဘွားဟာ တောင်တန်းတွေနဲ့မြက်ခင်းပြင်ရဲ့
စိမ်းလန်းမှုကိုပဲသိတယ်။
တောပြန်းမှုတွေကိုသူမသိဘူး။

ဘွားဟာလတ်ဆတ်တဲ့သီးနှံတွေ
အကြောင်းပဲသိတယ်။
ပိုးသတ်ဆေးနဲ့ကင်ဆာရောဂါတွေကိုသူမသိဘူး

ဘွားဟာကျေးငှက်တွေရဲ့
သာယာနားဝင်ချိုတဲ့အသံ ကိုပဲသိတယ်။
လောစပီကာအသံတွေကို သူမသိဘူး။

ဘွားဟာ လမင်းနဲ့ပင်လယ်
ဆက်စပ်မှုကို ပဲသိတယ်။
သိပ္ပံပညာအကြောင်းကို သူမသိဘူး။

ဘွားဟာ ကောင်းကင်ပြာရှင်းလင်း လှပဖို့
တိမ်တွေကို တံမြတ်နဲ့လှဲဖို့ ပဲသိတယ်။
အက်စစ်မိုးတွေ အကြောင်းကို သူမသိဘူး။

ဘွားဟာ တိမ်တွေနဲ့မြူ နှင်းတွေ
အကြောင်းပဲသိတယ်။
ဖန်လုံအိမ်အာနိသင်ကို သူမသိဘူး။

ဘွားဟာမြစ်ချောင်းအင်းအိုင်တွေရဲ့
ဆန်းကြယ်လှပမှုကို ပဲသိတယ်။
ပင်လယ်ရေမျက်နှာပြင် မြင့်တက်လာခြင်း
အကြောင်းကိုသူမသိဘူး။

ဘွားဟာ သာယာတဲ့ကမ္ဘာကြီးကို ပဲသိတယ်။ပူနွေးနေတဲ့ carbon dioxide
ဖုံးလွှမ်းနေတဲ့ ကမ္ဘာကို သူမသိဘူး။

ဘွားဟာ လူတစ်ဖက်သားကို
ချီးမွမ်းဖို့ပဲသိတယ်။
တစ်ဖက်သားကို
ဘယ်လိုtrollရမယ်ဆိုတာ နားမလည်ဘူး။

ဘွားဟာ ပြဇာတ်တွေ ပဲသိတယ်။
အနုမြူ ဘုံးတွေအကြောင်းကို သူမသိဘူး။

ဘွားဟာသူစိမ်းတွေလည်း အိမ်ခေါ်ထမင်းကျွေးတာပဲ။
နောက်ကွယ်မှာဝှက်ထားတဲ့ ဓားသွားကိုသူမသိဘူး။

ဘွားဟာစိတ်ညစ်ရင်ငိုဖို့ပဲတွေးတယ်။
သူများကိုအကောက်ကြံဖို့
့ယုတ်မာဖို့သူမတွေးဘူး။

ဘွားဟာတွေ့ဆုံဖို့ပဲတွေးတယ်။ခွဲခွာဖို့မတွေးခဲ့ဘူး။
ဘွားဟာ သူ့အပေါ်လှောင်ပြောင်ခဲ့သူတွေ
ကိုလည်းပဲ သကြားလုံး ကျွေးတာပဲ။

ဘွားဟာရည်မှန်းချက်တွေ နားမလည်ဘူး။
ဒါပေမယ့်
စိတ်ချမ်းသာခြင်းတရားကိုတော့
ကောင်းကောင်းနားလည်တယ်။

အပြစ်ကင်းစင်တဲ့ဘွားဟာ
လူတွေရဲ့မှတ်ဉာဏ်ထဲက
တဖြည်းဖြည်းကွယ်ပျောက်လာရတယ်။

ဒုတိယတန်းရဲ့ စာမေးပွဲဟာ
ဘွားလိုလူကိုတောင်
မေ့မေ့ပျောက်ပျောက်ရှိစေခဲ့တယ်။

ဒီလိုနဲ့ပဲ
ဘွားဟာသေဆုံးသွားခဲ့
စာမေးပွဲကြောင့်
ဘွားရဲ့ရက်လည်တောင်မရောက်ဖြစ်ခဲ့။
ခုံတန်းလေးကိုငေးကြည့်နေမိတယ်။

ဒီချိန်ဆိုဘွားရှိနေမှာ
မမြင်ရပေမယ့်မှန်းဆကြည့်မိတယ်
ဟောဟိုမှာ.. ဘွားရှိနေတယ်..

နီးစပ်နှောင်တွယ်တဲ့ခံစားချက်တစ်ခုဟာ
ချက်​ချင်းဆိုသလို
ပြန်လည်ပေါ်ပေါက်လာခဲ့တယ်။
ခြေလှမ်းတွေကို
ခုံတန်းလေးဆီ ဦးတည်လိုက်တယ်။

ခုံတန်းလေးပေါ်မှာထိုင်
တိမ်တွေကို လက်ညှိုးထိုးရင်း
ချစ်ခြင်းမေတ္တာ အကြောင်းကို
ဘွားကို တစ်ဖန် ပြန်ပြောပြရအုံးမယ်လေ။

(ချစ်ခြင်းမေတ္တာဟူသည်နှစ်ကာလရှည်ကြာ
ပြီဖြစ်သည့်တိုင် သေဆုံးမသွားပါချေ ။)

ဒိုဒို

Comments

Popular posts from this blog

၂၁ရာစု စင်ဒရဲလား