ဆေးတံသောက်သူ
လမ်းစုံလမ်းခွ တစ်နေရာမှာ ဆေးတံသောက်နေတဲ့
အမျိုးသမီးတစ်ယောက်ကို တွေ့တယ်။
လမ်းစုံလမ်းခွ ဆိုပေမယ့် အလင်းရောင်အနည်းငယ်သာ ရှိပြီး ပတ်ဝန်းကျင်က
အမှောင်ကြီးစိုးနေတယ်။ သူမက လွဲလို့ပေါ့။
အမျိုးသမီးဟာ ကိုယ်ရောင်ကိုယ်ဝါ တောက်ပလို့
သူမ လက်ထဲကဆေးတံကလည်း ရွှေရောင်တဖိတ်ဖိတ်တောက် နေခဲ့တယ်။
အမျိုးသမီးဟာ ကျွန်မကို နှစ်လိုဖွယ်ပြုံးပြတယ်။
အရှေ့ဘက်ကိုတည့်တည့်လှည့် သူမဦးခေါင်းပေါ်က သစ်လုံးအိမ်တစ်ခု ကိုအောက်ချလိုက်တယ်။
ဆေးတံက တော်တော်လေးကြီးတော့ ဆေးတံရဲ့အဝမှာ သစ်လုံးအိမ်ကိုစိုက်တယ်။
တစ်ရှိုက် နှစ်ရှိုက်ဖွာတယ်။ သူမ ဘာသာ မိန်းမောနေပုံရပါတယ် ။ ကျွန်မကို သတိမထားမိတော့ဘူး။
မှောင်စပြု လာပြီမို့ ဈေးသည်တွေဟာ သူတို့မီးအိမ်လေးတွေ ထွန်းလိုက်ကြတယ် ။
စားသောက်ဆိုင်က လူတွေနဲ့ ပြည့်နှက်နေတယ်။
လူနည်းပါးတဲ့ စားပွဲဝိုင်းကိုရှာကြည့်တဲ့အခါ အမျိုးသားတစ်ယောက်တည်း ထိုင်နေတဲ့စားပွဲခုံကိုသွားတွေ့တယ်။
အဲဒီအမျိုးသားကလည်း စောစောကအမျိုးသမီးလို ဆေးတံသောက်နေခဲ့တာ။
ဆေးတံသောက်နည်းကို စိတ်ဝင်စားလား မိန်းကလေးတဲ့ ။
ကျွန်မလည်း စိတ်ဝင်စားမိကြောင်း ခေါင်းညှိမ့်လိုက်တယ်။
သစ်လုံးအိမ်ဆောက်တဲ့ပုံစံက ကိုယ်ထည်ကတော့သစ်သား ကိုယ်ထည် ပြတင်းပေါက်လေးတွေ ရှိမယ်။
အိမ်ခေါင်မိုးကိုတော့ ရွှေအိုရောင်လတ်လတ်တောက်နေတဲ့ စာရွက်လိပ်တွေနဲ့မိုးကြတယ်။
အိမ်ခေါင်မိုးပေါ်မှာ မီးခိုးခေါင်းတိုင်တစ်ခု။
အဲ့ဒီသစ်လုံးအိမ်ထဲမှာတော့
ဆေးရွက်ခြောက်နဲ့ ကိုယ်အလိုရှိတဲ့အရာတွေ ရောထွေးထည့် ပွင့်နေတဲ့
ဆေးတံပေါက်ထဲကို သစ်လုံးအိမ်လေး စိုက်။ဆေးတံသောက်ခြင်းက ရိုးရှင်းပါတယ်တဲ့။
ကျွန်မတို့ စကားပြောဖြစ်ကြတယ် ။ သူ့ရဲ့မျက်လုံးတွေက အေးစက်စက်နဲ့ ကြောက်စရာကောင်းရုံကလွဲရင်
အခေါ်အပြောမဆိုးတဲ့ လူတစ်ယောက်ပါ။ ဆေးတံကို ယူလိုက်ပြီး မီးခိုးငွေ့တွေ ဖွာထုတ်လိုက်တယ်။
သူက ဆေးတံလိပ်ပေးနိုင်မလား လို့မေးတယ်။ တကယ်တော့ သစ်လုံးအိမ်ထဲကို ဆေးရွက်ကြီး နဲ့
ဆေးခြောက်အရောကို ထည့်ခိုင်းနေတာပဲ။ သူ့မှာ ဆေးတံအပိုနောက်တစ်ချောင်း ပါလာတာတွေ့ရတယ် ။
ဆေးတံကိုဆက်ရှိုက်နေရင်း လွင့်မျောလာတယ်။ အပ်ကျ သံမရှိ တိတ်ဆိတ်တဲ့ နေရာမှာ ကျွန်မတစ်ယောက်တည်း လွင့်မျောကခုန်နေသလိုပဲ။ဆေးတံဖွာလို့ပြီးတော့ ညည့်နက်နေခဲ့ပြီ။ သူက စာချုပ်တစ်စောင်ကို ပြတယ်။ သူနဲ့ကျွန်မဟာထိမ်းမြားပြီးပြီ တဲ့။
ဆေးတံလိပ်ပေးနိုင်မလားလို့ သူမေးတာဟာ မြို့ဓလေ့အရ" လက်ထပ်ခွင့်ပေးနိုင်မလား "လို့ အဓိပ္ပါယ် ရပြီး
ကျွန်မကလည်း လိပ်ပေးနိုင်ပါတယ် လို့ဖြေခဲ့တယ်။ ဒါ့အပြင် စာချုပ်မှာ ကျွန်မ လက်ပွေ နှိပ်ခဲ့မိပြန်တယ်။
အဲဒါကလည်းဆေးတံသောက်ရင်း သတိလစ်ထွက်သွားခဲ့တာပဲ။
သည်အတိုင်းဆို ရှေ့က အေးစက်စက် မျက်ဝန်းတွေနဲ့လူကို ကျွန်မ လက်ထပ်ရပါတော့မယ်။
ဆေးတံသောက်ရင်း ခံစားရသလိုမျိုး
အပ်ကျ သံမကျ
တိတ်ဆိတ်တဲ့ အမှောင်ထု တစ်နေရာမှာ
ကျွန်မ ဝိညာဉ်ဟာ အေးခဲသွားရတယ်
ဒိုဒို
19.12.2017

Comments
Post a Comment