အပြင်မထွက်နဲ့ ကလေး

အပြင်မှာလေ ဟိုဒီလျှောက် ပျံနေတဲ့ တိမ်သားအလုံးတွေ ရှိတယ်

တိမ်တွေဟာ ညည့်နက်လာရင်
မီးလုံးတွေ ဖြစ်လာကြ တော့မှာ

အမေပြန်မလာတော့ဘူး လားလို့မမေးနဲ့ကလေး
တိမ်မီးလုံးတွေပေါ့ အမေ့ကိုယ်ထဲဝင်သွားတာ
သူကိုယ်သူ ပြန်စားရင်းအမေ
သေသွား ခဲ့တယ် ကလေး

အများအမြင်မှာ အမေဟာ မကောင်းဆိုးဝါး
ဖြစ်လာခဲ့တယ်

ပုံပြင်ဟာ အဖြစ်မှန်နဲ့နီးစပ်တယ်လို့ မထင်ဘူးလားကလေး

ဘာစားရမလဲ မမေးနဲ့ကလေး
အိမ်နံရံမှာ ကပ်ပေါက်နေတဲ့
မှိုပွင့်လေး တွေ စားကြမှာပေါ့

မှိုပွင့်တွေ စားရင်း
အမေပြန်လာတာ စောင့်ကြမယ်

သေဆုံးသွားသူဟာ မကောင်းဆိုးဝါး သာဖြစ်တယ်

စိတ်ထားကောင်းတဲ့ တို့အမေပြန်လာလိမ့်မှာ
ပြန်လာလိမ့်မှာပါ
လှေကားထစ်မှာ စောင့်နေကြစို့ရဲ့

တို့စောင့်နေကြတာ မိုးချုပ်လုပြီ
အိမ်ထဲဝင်ကြ စို့ ကလေးရယ်

ဟိုးဝေးဝေးက မီးလုံးတွေလေ
တို့ဆီလာနေကြပြီ။.

ဒိုဒို

Comments

Popular posts from this blog

၂၁ရာစု စင်ဒရဲလား