အမှောင်ထဲက ရွှေငါးတွေ


မှတ်မှတ်ရရ
ကျနော် ငယ်ငယ်က
ငါးသုံးကောင် မွေးတယ်
ဒိုရယ် နိုရယ် စိုရယ် လို့နာမည်ပေးတယ်
၁၀ နှစ်သားအရွယ်မှာ ကျနော့်မုန့်ဖိုးဟာ ၂၀၀
ငါးသုံးကောင် ရဖို့ ၂ရက်စာ အငတ်ခံလိုက်ရ

ကျနော်ဟာ ရွေငါးသုံးကောင်ထမ်းပြီး
အိမ်ပြန်လာတယ်ပေါ့
ပျော်ရွှင်စွာနဲ့ပေါ့

ကျနော်ဟာ
တစ်နေ့မှာ ငါးကန်ကောင်းကောင်း ရှိမယ်လို့
စိတ်ကူး ပျော်ရွှင်ခဲ့ဖူးတယ်

လူတွေ ရေချိုး သလို
ဒိုရယ် စိုနဲ့ နိုတို့ ရေပုံးတွေ နေ့စဉ်လဲလှယ်ခဲ့ဖူးတယ်
ကျနော်မစားပဲ နေ့စဉ်အစာကျွေးတယ်

ဒိုဟာ ဖောင်းကားလာတယ် ပေါ့
နိုနဲ့ စိုလည်း တစ်လှည့်ဆီ ဖောင်းကားလာတယ်ပေါ့
သူတို့ စိုပြေလာတယ်အထင်နဲ့ ကျနော်ကျေနပ် မိတယ်ပေါ့

ကျနော့်မှာ အိပ်စာတစ်ပုဒ်ပြီးတိုင်း
မြွေအန္တရယ် စောင့်ရှောက်ကာကွယ်ခဲ့

နေ့တစ်နေ့ ရဲ့
မနက်ပိုင်းမှာ နိုသေတယ်
နေ့လည်​မှာ စို သေပြီး
ညနေမှာ ဒို သေသွားတယ်
သူတို့ ဗိုက်တွေလည်း ဖောင်းကားလို့

ခွဲခွာသွားတဲ့ ရွှေငါးတွေ ခြံစည်းရိုးထောင့်မှာ
မြှုပ်နှံ့ခဲ့
သူငယ်​ချင်း တစ်ယောက်က ပြောတယ်
ငါးတွေ မြေမြှုပ်ရင် ငါးသရဲတွေ အဖြစ်ပြန်လာတတ် တယ်တဲ့

မြေမြှုပ်ခဲ့တဲ့ ငါးတွေပြန်ဖော်တဲ့ အခါ
ကျနော်မြှုပ်ခဲ့တဲ့ နေရာမှာ
ငါးတွေမရှိတော့

အဲ့နေ့ညက
ကျနော်စောစောအိပ်ရာဝင်တယ်
သူတို့ပြန်လာလည်း
ကျနော်ကြိုဆိုနေမှာပဲ
ဘယ်ပုံစံနဲ့ ဖြစ်ဖြစ်ပေါ့ လေ

အခန်းထောင့်က လူကပြောတယ်
ကျနော် ငါးတွေကို သတ်လိုက်တာ တဲ့
ခွဲခွာသွားတဲ့ ရွှေငါးတွေ
ကျနော့်ကို ခွင့်လွှတ်ဖို့ သိပ်မျှော်လင့်တာပဲ

အဲ့ဒီညက အိပ်​မက်​မက်​တယ်
ဒိုရယ် စိုရယ် နိုရယ် ဟာ
ကျနော် ပါးစပ်ကိုဖြဲလို့ ငါးစာတွေထည့်လို့
ရယ်လို့ မောလို့
ကျနော်ကလည်း ပါးဟပ်တွေနဲ့
နောက်တော့ သူတို့ ကျနော့်ကို  မြေမြှုပ်ပစ်လိုက် ကျပါလေရော
အချိန်ခဏကြာတဲ့အခါ
ကျနော်ရယ် ဒိုရယ် စိုရယ် နိုရယ်
ရွှေငါးတွေ အဖြစ် အမှောင်ထုထဲ ကူးခတ်လို့

31.12.2017

Comments

Popular posts from this blog

၂၁ရာစု စင်ဒရဲလား