Untitled

နောင်ဘဝ တွေမှာ
ကျနော်နေထိုင်တဲ့ အိမ်ကလေးဟာ
သူဝယ်လာတဲ့
စတော်ဘယ်ရီ ခြင်းကလေး
ဖြစ်စေချင်တယ်
သူစာဖတ်တဲ့ အခါ
စတော်ဘယ်ရီ သီး တစ်လုံး အဖြစ်
ခပ်ဝေးဝေး က ငေးကြည့်နေချင် ခဲ့တာ
အထီးကျန် ညတွေမှာ
သူဘာကြောင့်
ပျောက်ဆုံး နစ်မြုပ် ခံစားရလဲ
ဝိုင်းကူ အဖြေရှာပေးချင် ခဲ့တာ

သောက်လိုက်တဲ့ ကော်ဖီထဲ နောင်တတွေ
မျောပါသွားသလို မျိုး
တဗွမ်းဗွမ်း အော်မြည်နေတဲ့
ကော်ဖီလှိုင်းတွေ
ပိုပြီး ပြင်းထန်လာသလိုပဲ
သောက်နေတဲ့ ကော်ဖီကို
ကျ​နော်​ ကြည့်နေရင်းက
အထဲက အမဲရောင် ရေတွေဟာ
စက်ဝိုင်းသဏ္ဍန် အပေါ်ရောက်လာတယ်
ပြီးတော့ သူတို့မဟုတ်သလို
ဘေးနားကို ဖြာထွက်သွားလိုက်တာ
ဒါဟာ ဘာဖြစ်တာလဲ
ဘာဖြစ်တာလဲ
ကျနော် ကော်ဖီကို သွားသွန်သင့်နေပြီ

ဟင် ကျနော့်အမြင်အာရုံတွေ
ကျနော့်  မျက်စိတွေ ပျောက်ကွယ်သွားတာလား
အရှေ့မှာ အမှောင်ထုပဲ မြင်ရတော့တယ်
ကော်ဖီ ကော်ဖီ ခွက်ရော
ကျနော် ရေသံတွေ ကြားတယ်
မှုန်ပြပြ အလင်းရောင်ကို မြင်မှပဲ
ကျနော် စိတ်သက်သာရ ရတော့တယ်
ကျနော့် အရှေ့မှာ ပင်လယ်တစ်ခုပဲ
ထူးခြားတာက ပင်လယ်ရေတွေက
အညို ရောင်
မျောပါလာတာ ဘာလေးပါလိမ့်
အို ..ကော်ဖီစေ့တစ်စေ့ ပါပဲ
Oh shit!!ကျနော် ရောက်နေတာ
ကော်ဖီ ခွက်ထဲမှာပေါ့
တွင်းနက်ကြီး တစ်ခုမှာဆိုရင်တော့
ကျနော် အဆင်ပြေပါအုံးမယ်
ကျနော့်ကို ဘယ်သူမှ လာမကယ်ကြဖူးလား
ကျနော် အနီးအနားက လူတွေကို လိုက်ရှာတယ်
တစ်ယောက်မှ ရှိမနေဘူး
ပင်လယ်နားက လေယာဉ် တစ်စီးမှလည်း
ဖြတ်မသွားဘူး
သဘောင်္တစ်စီး မှလည်း ရောက်မလာ
ကျနော် ဝမ်းနည်းလွန်းလို့
အုန်းသီးစားရင်းတစ်ယောက်တည်း
ကြိုးစားရယ် နေရတဲ့ အချိန်တွေရှိလာတယ်
ကြယ်တွေက လှလိုက်တာ
သိပ်လှတယ်
ဝမ်းနည်းဖွယ် ကောင်းအောင် လှတယ်
မျက်ရည်ကျ ရလောက်အောင် လှတယ်
ကြယ်ထိပ်အချွန်နဲ့ ကိုယ့်လည်ပင်းကို
ဖြတ်လှီးပြီး သတ်သေပစ်ချင် လောက်
အောင်လှတယ်

ကြာတော့ ကျနော် နေတက်လာတယ်
သတ်သေချင်စိတ်လည်း မရှိတော့ဘူး
ပင်လယ်နားက သဲပြင်မှာ ကျနော်စာတွေ ရေးတယ်
"ငါ့ကို ဘယ်သူမှ ဂရုမစိုက်ကြဘူး မို့လား
မင်းတို့ကို လည်းငါ က ဂရုစိုက်နေလို့လား"
"ဟားဟား ရယ်ရတယ်
ဟားဟား."
"ဝမ်းနည်းဖို့ ကောင်းလောက်အောင် ရယ်ရတယ် "
ကြာတော့ ကျနော်မောပန်း လှတယ်
တစ်ဦးတစ်ယောက် မှ ဂရုမစိုက်တဲ့ ကမ္ဘာ
မှာ ကျနော်ဟာ သူတို့ကို ဂရုမစိုက်ပါဘူး
လို့ ငြင်းခုံ သတ်သေပြနေရတာ
သိပ်ပင်ပန်းတာပဲ
"ပင်လယ်မှာ ငါရှိတယ်"
ကျနော် ပင်လယ်ကို နောက်တစ်ခါ အော်ပြောတယ်
"ပင်လယ်မှာ ငါရှိတယ်"
အဲ့ဒီညမှာ ခရမ်းရောင် နှင်းတွေကျတယ်
ကျနော့်ဝိညာဉ်ဟာ ကော်ဖီခွက်ထဲကနေ
တကယ့်အရှိတရား ပိုနက်နဲတဲ့ အမှောင်ထုရှိရာ
စိတ်ပိုင်းဆိုင်ရာ အခန်းတွေ ဘက်ကို မမျှော်လင့် ဘဲ ရောက်သွားတယ်
ကျနော့် အဲ့ဒီအခန်း တွေမှာ ပိတ်မိနေတယ်
ခရမ်းရောင် နှင်းတွေ
ခရမ်းရောင် နှင်းတွေ ဖုံးထားလိုက်တာကြောင့်
ကျနော် ကမ္ဘာ့မှာ အလင်းရောင်ကိုတောင်
မမြင်နိုင်တော့ဘူး
"တစ်ယောက်ယောက် ရှိမလား
ကျနော့်ကို ကူညီကြပါ
အလင်းမှုန် တစ်ချို့ ပေးသနားပါ
ပိုးစုန်းကြူး တစ်ကောင်လောက်ပဲ ဖြစ်ဖြစ်
ကျနော် ရှိတဲ့ အရပ်ကို ပို့ပေးကြပါ
ပို့ပေးကြ စမ်းပါ"

"ကျနော် Carry on my wayward son
နားထောင်ပြီး အသက်ရှင်နေရတဲ့
လူ့ဘဝဖြစ်စဉ် တစ်ရပ်လုံး မုန်းတီးရွံ့ရှာနေပါပြီ
အရင်က နားထောင်တယ်
ခု ကိုယ့်ကိုယ် အဖက်ဆည်ဖို့
ခဏခဏ ဆိုနေရတယ်"

ကျနော် အမှောင်ထဲမှာ
ဘယ်လောက် အချိန်ထိ ဆက်နေရအုံး မှာတဲ့လဲ?

ဒိုဒို

Comments

Popular posts from this blog

၂၁ရာစု စင်ဒရဲလား